Wednesday, July 11, 2012

ကိုကာကိုလာကုမ္ပဏီနှင့် Max အချိုရည် ထုတ်လုပ်သော ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့ မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေ

နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီ နှင့် Max ၊ Max plus အချိုရည်များ၊ Max2O ၊ မြနန္ဒာ သောက်ရေသန့်များ ထုတ်လုပ်ရောင်းချနေသော မြန်မာထိပ်တန်း လုပ်ငန်းတစ်ခုဖြစ်သည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့သည် မြန်မာပြည်စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း အချိုရည်လုပ်ငန်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

''ကိုကာကိုလာကုမ္ပဏီနဲ့ ပင်းယကုမ္ပဏီတို့ စီးပွားဖက်အဖြစ် ချိတ်ဆက်ဖို့ ဆွေးနွေးနေပါပြီ။ ကိုကာကိုလာ အချိုရည်တွေကို ပင်းယက တင်သွင်းဖြန့်ချိမယ်လို့ သိရပါတယ်''ဟု အဆိုပါလုပ်ငန်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားပါသည်။ ပင်းယကုမ္ပဏီအနေဖြင့် ကိုကာကိုလာကုမ္ပဏီ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အချိုရည်များကို တင်သွင်းဖြန့်ချိသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွင်း အကျိုးတူဖက်စပ်စက် ရုံများ တည်ထောင်ကာ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
ကိုကာကိုလာကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ပြောကြားထားသည်။ ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အချိုရည်လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည်ပုလင်းနှင့် ဘူးထုတ်လုပ်ရောင်းချမှု ပမာဏသန်း ရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက်အတွင်းမှ သိရပါသည်။

မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရ . . .

ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရားဝင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အခြားအမေရိကန် ကုမ္ပဏီအချို့သည် အမေရိကန်ပြည်ထောင်စုအစိုးရက  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင် ထုတ်ပေးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းစတင်ရန် မြန်မာကုမ္ပဏီများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၁၉၂၇ ခုနှစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်အချိန်ထိ ရင်းနှီးမြှုပ်နှံဖူးကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုနှင့်အတူ မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပက်စီကုမ္ပဏီကလည်း မြန်မာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ အချိုရည်ဈေးကွက်အတွင်း မကြာမီဝင်ရောက်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More